လွတ်မြောက်ခြင်း(တင်ညွန့်)

လွတ်မြောက်ခြင်း

-------------------
ကျွန်တော် ဒီမနက် အိပ်ရာကနိုးတော့ မျက်လုံးဖွင့်လိုက်တာနဲ့ စိတ်ကြည်လင်စရာကောင်းလှတယ်။ တစ်ခန်းလုံးလင်းနေသလို အပြင်မှာလည်း နေရောင်ကိုတွေ့ရတယ်။ မိုးတွေက တစ်ပတ်လုံး အုံ့မှိုင်းနေပြီး သည်းသည်းမည်းမည်းရွာခဲ့တယ်။

မိုးသည်းတဲ့ ညတစ်ညမှာ ကျွန်တော် ဆေးရုံရောက်ခဲ့တယ်။ ဒါပဲမှတ်မိတယ်။

ကျွန်တော့်ကို ဝိုင်းပြီးတော့ မေးမြန်းတာတွေ ဆူညံနေတယ်။ ကျွန်တော့်မှာ ဖြေဖို့ အားမရှိဘူး။

“တော်ပါတော့”

ကျွန်တော် အဲဒီတစ်ခွန်းပဲအော်နိုင်တယ်။ အော်လိုက်တာလား၊ နှုတ်က အလိုလို ထွက်သွားတာလားမသိပါဘူး။

ကျွန်တော့်ကုတင်က ဆေးရုံခန်းမကြီးရဲ့ ထောင့်မှာ။ လူတွေ ဝင်ထွက်နေကြတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေ ဖြတ်သွားနေကြတယ်။ အားလုံးရဲ့ မျက်နှာတွေမှာ စိုးရိမ် ထိတ်လန့်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ လွှမ်းနေကြ တယ်။

ကုတင်တိုင်းမှာ လူနာစောင့်တွေရှိတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေက တစ်ကုတင်ပြီး တစ်ကုတင် ပြေးလွှားပြီး ဆေးကုပေးနေကြတယ်။

ကျွန်တော့်ဘေးကုတင်မှာ လူတစ်ယောက်။ လက်မှာ ပတ်တီးစည်းထားပေမယ့် သွေးတွေထွက်နေတယ်။ ဆရာဝန်က သူ့ကို လက်ကိုင်ကြည့်တယ်။ နာလို့ထင်တယ် ရှုံ့မဲ့သွားတယ်။ ဆရာဝန်က စာရွက်တွေမှာ ရေးလိုက်တယ်။ ဆရာမလေးတစ်ယောက်က သူ့ပတ်တီးတွေကို ဖြေလိုက်တယ်။ အဲဒီလူက နာလို့ထင်ပါရဲ့ ရှုံ့မဲ့နေတယ်။

ဆရာဝန်က ကျွန်တော့်ဘက်ကို လှည့်လိုက်တယ်။ ကျွန်တော့်ကို မေးရင် ကျွန်တော်ဘာပြောရမလဲ

“ရင်ဘတ်ထဲကနာနေသေးတယ်”

ဟုတ်ပြီ ဒါပဲပြောရမှာ။ ကျွန်တော့် ရင်ဘတ်ထဲက တစစ်စစ်နဲ့ နာနေတယ်။

“ဆရာ”

ကျွန်တော်က သူ့ကို နှုတ်ဆက်လိုက်တယ်။ ဆရာဝန်က ကျွန်တော့်ကုတင်ကိုကျော်ပြီးတော့ အပြင်ကို ထွက်သွားတယ်။ သူနာပြုဆရာမကြီးတစ်ယောက်က ဆရာဝန်နောက်က အပြေးလိုက်သွားတယ်

“ဆရာမ”

ကျွန်တော်လှမ်းခေါ်လိုက်တာ လှည့်တောင်မကြည့်ဘူး။ ဘာဖြစ်လို့လဲ။ အရေးကြီးလူနာ ရောက်လာလို့လား။

ကျွန်တော့်ဘေးကလူနာကို ပတ်တီးလဲပေးပြီးပြီ။ သူက နာလွန်းလို့မှိန်းနေတယ်။ ဆရာမလေးတစ်ယောက်က တိုးတိုးလေး ပြောသွားတယ်။

“သူ့လက်ကို သူဓားနဲ့လှီးတုန်းက မနာဘူးလား” တဲ့

ကျွန်တော်က

“ဆရာမ” လို့ ခေါ်လိုက်တယ်။

သူလည်း ကျွန်တော့်ကို လှည့်မကြည့်ဘူး

“ဘာလဲ … ဘာလဲကွ … ငါက ဘာဖြစ်နေလို့လဲ။ မင်းတို့ ဆေးရုံက ဘာဖြစ်လို့ ခွဲခြားဆက်ဆံနေရတာလဲ။ ငါက ဘာဖြစ်လို့ ခေါ်တာကိုတောင် ဂရုမစိုက်ကြရတာလဲ”

ကျွန်တော်ပေါက်ကွဲပြီလေ

ကျွန်တော်ရေသောက်ချင်တယ်။ အာခေါင်တွေ ခြောက်နေပြီ။ ဖြတ်သွားတဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်

“ဟေ့ … ဟေ့ … ရေတစ်ခွက်လောက်”

သူကလည်း လှည့်ကိုမကြည့်ဘူး။ လက်တွန်းလှည်းကို အမြန်တွန်းသွားတယ်။

ကျွန်တော် စိတ်မရှည်တော့ဘူး။ ကုတင်ပေါ်ကဆင်းကြည့်တယ်။ ဘာမှမဖြစ်ဘူးပဲ။ အသာလေး မတ်တတ်ရပ်ကြည့်တယ်။ ရတယ်။ လမ်းလျှောက်ဖို့အားယူတယ်။ ရတယ်။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ ရတယ်။

ကျွန်တော် လူတွေ ကုတင်တွေကြားကနေ ဆေးရုံအပြင်ရောက်အောင် ထွက်လိုက်တယ်။ ရေဘယ်မှာလဲ။ ကျွန်တော်ဆေးရုံထဲမှာ ရေရှာတယ်။ ရေမတွေ့ဘူး။ ကျွန်တော် လမ်းမပေါ်ရောက်သွားတယ်။ ရေမတွေ့ဘူး။
ဒီလမ်းကို မှတ်မိနေတယ်။ မှတ်မိမှာပေါ့။ နှစ်ပေါင်း ၄၀ လောက်ဖြတ်သန်းသွားလာခဲ့တဲ့နေရာပဲ။ ကိုယ့်လမ်းကို ကိုယ်ပြန်ရောက်နေတာပဲ။

ကျွန်တော် ဆေးရုံတက်နေရတယ်။ ဘာဖြစ်လို့ အိမ်ကလူတွေ လာမကြည့်ရတာလဲ။ ကျွန်တော် အရမ်းဒေါသထွက်တယ်။ ဒေါသထွက်လိုက်ချိန်ရင် ရင်ဘတ်ထဲက စူးခနဲ နာသွားလို့ ရင်ဘတ်ကို ဖိလိုက်မိတယ်။

ဆေးရုံကလည်း ကျွန်တော့်ကို ဂရုမစိုက်ဘူး။ ဘာဖြစ်သလဲ ခွင့်မတောင်းတော့ဘူး ပြန်မယ်။ ငါ့အိမ်ကို ငါပြန်မယ်။ သေသေ … ငါအိမ်မှာပဲ အသေခံမယ်။

ကျွန်တော် လမ်းထဲကိုဝင်လာတော့ လမ်းလျှောက်ဖော် မိတ်ဆွေကြီး ဦးဘတိုးကိုတွေ့တယ်

“ဟေ့ … ကိုဘတိုး”

သူက လှည့်မကြည့်ဘူး။ ဒီလူက နားပင်းနေတာပဲ။ နားထဲမှာလည်း နားစက်မပါဘူး။ ဘယ်ကြားမလဲ။ မကြားတာပဲ ကောင်းပါတယ်။ ကြားလိုက်ရင် စကားပြောနေရဦးမယ်။

လမ်းလျှောက်လာရင်း ပဲပြုတ်သည် ဒေါ်ပုမကိုတွေ့တယ်

“မပု … အိမ်မှာ ပဲပြုတ်ထားခဲ့သလား”

ပဲပြုတ်ရောင်းတဲ့ မိန်းမက မျက်နှာကို မော့ထားတယ်။ ပဲပြုတ်ရောင်းပေလို့ပဲ ရွှေရောင်းရင် ဘယ်လိုနေမလဲ မသိဘူး။

အိမ်ထဲက ခွေးလေး ပုထောင် ပြေးထွက်လာတယ်။ သူက ကျွန်တော့်ကို ဝိုင်းပတ်ပြီး ဟောင်တယ်။ ကျွန်တော်က သူ့ကို ကျောလေးပွတ်ပေးတော့ သူကျေနပ်နေတယ်။

“အင်း … ခွေးပဲ ကောင်းတယ်။ ငါ့ကို သစ္စာရှိတယ်”

ကျွန်တော်က အိမ်ထဲကို ဝင်မယ်လုပ်တော့ တံခါးဝမှာ ဖိနပ်တွေအများကြီးတွေ့တယ်။ ဘာဖြစ်နေသလဲ အိမ်ထဲမှာ လူတွေအများကြီးပဲ

“အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်သော်”

“သာဓု … သာဓု … သာဓု”

ဘာတွေဖြစ်နေသလဲ။ ကျွန်တော်အိမ်ကထွက်သွားတာ ဘယ်လောက်ရှိပြီလဲ။ ကျွန်တော့်ကို ဆေးရုံမှာ ထားခဲ့ပြီး ဘာတွေ လုပ်နေကြတာလဲ။ တစ်ယောက်ထွက်လာတယ်။

“ဟေ့ … ကိုဖြိုး … ကိုဖြိုး … ဘာတွေဖြစ်နေသလဲ”

သူက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီးတော့ မျက်နှာလွှဲထွက်သွားတယ်။

“ဟေ့ … မင်းကို ငါကျွေးမွေးစောင့်ရှောက်ခဲ့တာပါကွ။ ငါဆေးရုံတက်နေတာတောင် မင်းကလာမကြည့် နိုင်လောက်အောင်”

အိမ်ထဲက ဘုန်းကြီးတွေ ထွက်လာတယ်။ ကားပေါ်ကို တက်သွားကြတယ်။
ကျွန်တော်က လက်အုပ်လေးချီပြီး ကျန်ခဲ့တယ်။

အိမ်က ကျွန်တော်နဲ့ အဝေးကြီးကိုရောက်သွားလိုက်၊ အနီးကို ပြန်ရောက်လာလိုက်။

ဘာတွေဖြစ်နေသလဲ။ ဒီနေ့ ဘာတွေဖြစ်နေသလဲ။ အားလုံးဟာ စိုးရိမ်သောကတွေ၊ ပူပန်မှုတွေ၊ မျက်ရည်တွေနဲ့။ ဒီနေ့ဘာတွေဖြစ်နေသလဲ

ကျွန်တော် အိမ်ထဲဝင်ပြီး စာဖတ်ရဦးမယ်၊ ရေးရဦးမယ်။ ဒါပေမဲ့ စဉ်းစားလိုက်တယ်။ ပူလောင်လှချည်လား။ ကြည့်လေ ငိုတဲ့အသံတွေပါကြားနေရတယ်။ ကျွန်တော်က ငိုသံကြားရင် မနေတတ်ဘူး။

စိတ်ပျက်တယ်။ လျှောက်သွားနေတာပဲကောင်းတယ်။ လေကဝေ့လာတယ်။ ကောင်းကင်က ညိုမှောင်ပြီး မည်းလာတယ်။ သစ်ရွက်တွေက ကျွန်တော့်ကို ဖြတ်သွားတယ်။ မိုးက တစ်ပေါက်ပြီးတစ်ပေါက်ကျလာတယ်။ ကျွန်တော်က မိုးစက်လေးတွေကို လက်နဲ့ ခံလိုက်တယ်။ လေကပြင်းလာတယ်။ ကျွန်တော် လေနဲ့အတူ ပါသွားတယ်။

ပျော်လိုက်တာ။

တင်ညွန့်

၁၇.၆.၂၀၁၈

Comments