ဆရာဆိုသည်မှာ(တင်ညွန့်)

ဆရာဆိုသည်မှာ

-----------------

ဆရာကြီး မိုဟမ် မာဝီရသည် သူ့လုပ်ငန်း၊ သူ့ပညာ၊ သူ့ကိုယ်သူ အလွန် လေးစားတန်ဖိုးထား သူတစ်ဦး ဖြစ်သည်။ သူသည် အိန္ဒိယနိုင်ငံတွင် ပညာရေးဘက်တွင်လည်းကောင်း၊ နိုင်ငံရေးဘက်တွင်လည်းကောင်း ပြည်သူလူထုက အလွန်လေးစား တန်ဖိုးထားခြင်းခံရသူ တစ်ဦးလည်းဖြစ်သည်။

တစ်နေ့တွင် ကလကတ္တားတက္ကသိုလ်၏ ဒုတိယ အဓိပတိထံမှ စာတစ်စောင်လက်ခံရရှိခဲ့သည်။ ထိုအချိန်တွင် မာဝီရသည် ရုံးခန်းထဲတွင် မိတ်ဆွေ တစ်ဦးနှင့် စကားထိုင်ပြောနေသည်။ မာဝီရသည် စာကို ဖွင့်ဖတ် လိုက်သည်။ စာဖတ်ပြီးနောက်

“အင်း … ခက်တော့တာပဲ။ ဘယ်လို စာပြန်ရမှန်းတောင် မသိဘူး” ဟု ညည်းလိုက်သည်။ သူ့မိတ်ဆွေက

“ဘာဖြစ်တာလဲ ဆရာကြီး”

“ဒီမှာကွယ် ငါ့ကို ဒေါက်တာဘွဲ့ အပ်နှင်းဖို့တဲ့ ကလကတ္တားတက္ကသိုလ်က အကြောင်းကြားတယ်”

“ဟာ ကောင်းလိုက်တာခင်ဗျာ။ အလွန် ဝမ်းသာစရာကောင်းတာပဲ။ အလွန်ဂုဏ်သိက္ခာကြီးမားတဲ့ တက္ကသိုလ် ကြီးက ဒေါက်တာဘွဲ့ အပ်နှင်းမယ်ဆိုတာ ကျွန်တော်တို့ ဗာရာဏသီမြို့သားတွေအတွက် ဂုဏ်ယူစရာပဲပေါ့ ခင်ဗျာ”

မာဝီရက ပြုံးလိုက်သည်။ မိတ်ဆွေဖြစ်သူက

“ဘာပြုံးတာလဲဆရာကြီး”

“မင်းမှားနေပြီ”

“ဘာများမှားလို့လဲ ဆရာကြီး”

“အဲဒါ ဂုဏ်ယူစရာမဟုတ်ဘူးကွယ့်”

“ဆရာကြီးရယ် … ဒေါက်တာဘွဲ့ လူတိုင်းကို ပေးနေတာမှ မဟုတ်တာ ဂုဏ်ယူစရာပေါ့”

“မှားနေတယ်ကွယ် … အဲဒါ ဗာရာဏသီကို စော်ကားနေတာ”

“နားမလည်တော့ပါဘူး ဆရာကြီး”

“ကလကတ္တားတက္ကသိုလ်က ငါ့ကို ဗာရဏသီတစ်မြို့လုံးက သတ်မှတ်ဂုဏ်ပြုထားတဲ့ ဆရာကြီးဆိုတဲ့ ဂုဏ်ကို ခေါ်ဖျက်နေတာကွ သိလား”

“ဟုတ်ရဲ့လားဆရာကြီး”

“ခုဆိုရင် မင်းတို့ အားလုံးက ငါ့ကို ဆရာကြီးလို့ အသိအမှတ်ပြုနေကြတယ်နော်။ အေး … ငါက အဲဒီ ဒေါက်တာ ဘွဲ့ဆိုတာကြီးကို သွားလက်ခံလိုက်ရင် ဘာဖြစ်သွားမလဲ သိလား။ ဒေါက်တာ မာဝီရဆိုပြီး ဖြစ်သွားလိမ့်မယ်။ နောက်ပိုင်းဆိုရင် ဒေါက်တာ မာဝီရ … ဒေါက်တာမာဝီရဆိုပြီး ခေါ်ကြတော့မယ်။ ငါနဲ့ ထိုက်တန်တဲ့ ဆရာဆိုတဲ့ ဂုဏ်ပျောက်ပြီး သူတို့ပေးတဲ့ ဒေါက်တာဆိုတာ ရောက်လာတော့မှာကွယ့်”

သူ့မိတ်ဆွေက ဘာပြန်ပြောရမှန်းမသိတော့။

ဆရာကြီး မာဝီရသည် ချက်ချင်းပင် စာတစ်စောင် ကောက်ရေးလိုက်သည်။

လေးစားရပါသော အဓိပတိကြီးခင်ဗျား

ကမ်းလှမ်းချက်ကို ကျေးဇူးတင်ပါသည်။

ကျွန်တော့် ပြန်စာသည် ဒုတိယ အဓိပတိ၏ ကမ်းလှမ်းချက်ကို စော်ကားသည်ဟု မမှတ်ယူစေလိုပါ။ နောက် တစ်မျိုးတွေးစေချင်သဖြင့် ရေးသားခြင်း ဖြစ်ပါသည်။

ပေးပို့လိုက်သော စာကို အဓိပ္ပာယ်မရှိသည့် စာတစ်စောင်အဖြစ် ကျွန်တော် သဘောပိုက်ပါသည်။ ကျွန်တော့်ကို ဤအရပ်ဒေသတစ်ခုလုံးက ဆရာအဖြစ် သတ်မှတ်လက်ခံပေးပြီးသားဖြစ်သည်။

ကျွန်တော်ကလည်း ဆရာမာဝီရဆိုသည့် အခေါ်ကို ဒေါက်တာမာဝီရဆိုသည့် အခေါ်အဝေါ်မျိုးထက် ပိုပြီး သဘောကျပါသည်။ ကျွန်တော့်ကိုလည်း ဆရာမာဝီရဟုသာ လူကြီးမင်းတို့က အသိအမှတ်ပြုစေလိုပါသည်။

ဆရာ မာဝီရ

ဆရာကြီးမာဝီရက ထိုစာကို မိတ်ဆွေအားပြလိုက်သည်။

သူ့မိတ်ဆွေကလည်း ဆရာကြီးကို အလိုလို လက်အုပ်ချီမိပြီးသား ဖြစ်သွားသည်။

(Life of Madan Mohan Malviya)

တင်ညွန့်

၁၉.၈.၂၀၁၈

Comments