သမီးချော(တင်ညွန့်)

သမီးချော

-----------
ကျွန်တော်နှင့် ကိုချစ်ပို သံယောဇဉ် ဖြစ်လာကြသည်။ ကျောင်းဆရာ ဘဝတူချင်းလည်းဖြစ်၊ ဆင်းရဲပုံချင်းလည်း အတူတူ၊ မရှိအတူ၊ ရှိအတူ မျှဝေနေထိုင်တတ်သောကြောင့် ပိုပြီး သံယောဇဉ်ဖြစ်လာသည်ဟုဆိုရမည်။ ကျွန်တော့်ထက် အသက်ငယ်သဖြင့်လည်း ကျွန်တော်က ညီလေးတစ်ယောက်ပမာ သဘောထားသည်။ သူက မူလတန်းပြ၊ ကျွန်တော်က အလယ်တန်းပြဖြစ်သည်။

သူနှင့်ကျွန်တော် သွားအတူ စားအတူ။ သို့သော်ကိုချစ်ပိုက ကျွန်တော့်ကိုကျော်သွားသည်။ သူက အိမ်ထောင် ကျသွားသည်။

“ဆရာရယ် … အတွေ့ဗျ … အတွေ့ … အတွေ့ကို မရှောင်နိုင်ဘူး … ဆရာလည်း မတွေ့သေးလို့ပါ”

“မင်းပြောတဲ့ အတွေ့နှစ်ခုက မတူဘူး ချစ်ပိုရယ် … ငါက တွေ့ကို မတွေ့ချင်သေးတာပါ”

“ဆရာက အရမ်းတွေးလွန်းတာကိုးဗျ … တချို့ကိစ္စတွေမှာ မစဉ်းစားနဲ့ဆရာ … ဆော်သာ ဆော်ပစ်လိုက် … နောက်မှကြည့်ရှင်း”

“ဟာ … မိုက်ရိုင်းလိုက်တာ … မင်းစကားကြီးက … ကျောင်းမှာ ဒီလိုကြီးပြောရသလား”

“ဘယ်သူမှ မရှိပါဘူးဆရာ … ဟား … ဟား”

ချစ်ပို အိမ်ထောင်ကျတော့ ကျွန်တော်ပိုခံရသည်။

“ဆရာ ဆန်ဝယ်စရာ မရှိလို့ ပိုက်ဆံလေးများချေးပါဦး”

မုန့်ဟင်းခါး သွားစားကြလျှင်လည်း

“ဆရာ … ဆရာ့ညီမက မုန့်ဟင်းခါးဆိုရင် အသေကြိုက်တာ … တစ်ထုပ်လောက် ထည့်သွားမယ်နော်”

ကျွန်တော့်မှာ သူတို့အတွက် ပိုပြီး စိုက်ထုတ်ကုန်ကျလာရသည်။ သို့သော် တစ်ယောက်တည်းသမား ဖြစ်သောကြောင့် ကိစ္စမရှိ။ သူတို့ကိုလည်း ညီလေး ညီမလေးတွေလို ခင်မင်နေသောကြောင့် ထောက်ပံ့ သင့်သလောက် ထောက်ပံ့ပါသည်။ စုန်ရေသာဖြစ်ပြီး ဆန်ရေ တစ်ကြိမ်မှ မရှိ။

“ချစ်ပိုရေ … သင်တန်းတက်ဖို့ အမိန့်စာထွက်တယ် … သင်တန်းသွားတက်”

“ဘယ်ဖြစ်မလဲ ဆရာ … ဆရာ့ညီမက ကိုယ်ဝန်ကြီးနဲ့ မွေးဖို့နီးနေပြီ”

“သူမွေးတော့ရော မင်းက ဘာလုပ်ပေးနိုင်လို့လဲ … သူ့မှာက အမေနဲ့ ညီမတွေ အနားမှာ ဝိုင်းနေတာ”

“ဟုတ်တော့ ဟုတ်တာပေါ့ဆရာ … ဒါပေမဲ့ မိန်းမဆိုတော့ ကျွန်တော်များ အနားမှာ ရှိနေရင် အားတက် မလားလို့ပါ”

“ချစ်ပိုရယ် ငါမသိတာကျလို့ … နေ့တိုင်း မင်းကို အနိုင်ကျင့်ပြီး ဆူဆဲနေတဲ့ မိန်းမကများ …”

“ဆရာရယ် ယောက်ျားက အနားမှာ ရှိသင့်တာပေါ့”

“ချစ်ပိုရယ် တစ်လတည်းကိုများ … သွားတက်လိုက် … ငါခန့်မှန်းရသလောက် မမွေးလောက် သေးပါဘူး။ မင်း သင်တန်းလေး ဘာလေးတက်လိုက်မှ ရာထူးတိုးလေးဘာလေး စဉ်းစားလို့ရမှာပေါ့။ အခွင့်အရေးရတုန်း သွားတက်ထားလိုက်။ သူများတွေများ သင်တန်းတက်ချင်လွန်းလို့ ပိုက်ဆံတောင် ပေးကြရတာ။ မင်းကို သင်တန်း ပါအောင် ငါမနည်း ပြောပေးထားရတာ … သွားပါကွာ … ငါရှိနေတာပဲ။ ငါ့ညီမကို ငါစောင့်ရှောက် ထားပါ့မယ်”

“အင်းလေ … နီးတကျက်ကျက် … ဝေးတသက်သက်ဖြစ်အောင် သွားတက်မယ်”

“သွား သာသွား”

ကျွန်တော် မြှောက်ပေးလိုက်သောကြောင့် ချစ်ပို သင်တန်းသွားတက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ချစ်ပို သင်တန်းရောက်ပြီး တစ်ပတ်လောက်အကြာတွင် ချစ်ပိုမိန်းမ မီးဖွားသည်။ လမစေ့ဘဲ မွေးသည် ဆိုသော်လည်း ကလေးက ဆေးရုံအရောက်မြန်သောကြောင့် ရှင်သည်။

ကျွန်တော်လည်း မိန်းမမရှိဘဲ ဆေးရုံသားဖွားဆောင်တွင် မီးနေစောင့်ဖြစ်ရသည်။ ကိုယ့်အတက်ကိုယ်စူးပြီ။

ဆေးရုံကဆင်းသည့်နေ့ သုံးဘီးငှားပြီး သူတို့အိမ်ပြန်ခေါ်လာရသည်။ ထိုနေ့တွင်မှ ကလေးကို တွေ့ဖူးသည်။ မိန်းကလေး ဖြူဖြူဖွေးဖွေး ချောချောလေး။

ချစ်ပိုဆီ ကျွန်တော် ဖုန်းဆက်သည်

“ချစ်ပိုရေ မိန်းကလေးကွ … ချောချောလေး … မိခင်ရော ကလေးပါ ကျန်းမာ”

“ကျေးဇူးပါဆရာ”

“ကျေးဇူးက နောက် … ခု ငါစိုက်ထားရတာတွေ မနည်းဘူး။ ငွေစု ငွေချေးက စုထားတဲ့ နှစ်သောင်းလည်း ပြောင်ပြီ”

“ကျွန်တော် ပြန်လာရင် ဆပ်ပါ့မယ်ဆရာရယ်”

“ငါ့မှာ ဒီလိုအပြောတွေနဲ့ ခံရပေါင်း များနေပါပြီကွာ”

ချစ်ပို သင်တန်းပြီးတော့ ပြန်လာသည်။ သမီးချောလေးကို လက်ကမချနိုင်ဖြစ်နေသည်။ ကလေးက ဖြူဖြူဖွေးဖွေး။ ဘိုမရုပ်လေးလိုဖြစ်နေသည်။

“ဆရာ … ကျွန်တော့်သမီးလှလား”

“လှတယ်”

“ဘယ်သူနဲ့ တူသလဲဆရာ”

“မင်းနဲ့ မတူတာတော့ အမှန်ပဲကွ … မင်းနဲ့တူရင် ဒီပုံ ဘယ်လို ထွက်မှာလဲ”

“ဟား … ဟား … ဟား ဆရာက အတော်နောက်တယ် … ကျွန်တော့်သမီး ကျွန်တော်နဲ့ တူလို့ လှတာပေါ့ဗျ”

ဤသို့ဖြင့် ပိုက်ဆံသာမရှိနေရမည်။ ချစ်ပိုတစ်ယောက် နောက်တစ်ဗိုက်ထပ်ရအောင် အားစိုက်နိုင်လိုက် ပြန်သည်။

“ချစ်ပိုရယ် … လွန်တာပေါ့ … သမီးလေး နှင်းဖွေးက တစ်နှစ်လောက်ပဲ ရှိဦးမယ် … ခု နောက်တစ်ဗိုက်တဲ့လား”

“ဟုတ်တယ်ဆရာ”

“နည်းနည်းပါးပါး ဆင်ခြင်လေကွာ … ဆန်မရှိ သောက်စားကြီးလို့ ဘယ်ဖြစ်မလဲနော်”

နောက်တစ်ဗိုက်ကတော့ ၉ လလွယ် ၁၀ လမွေးသည်။ ချစ်ပိုတစ်ယောက် ရှိနေသောကြောင့် တော်သေးသည်။ ကျွန်တော် ဆေးရုံလိုက်ပေးစရာ မလို။ သို့သော် နှင်းဖွေးလေးကို ကျောင်းခေါ်လာသဖြင့် တစ်ကျောင်းလုံး ဝိုင်း ထိန်းနေရသည်။

တစ်နေ့ ချစ်ပို မျက်နှာမကောင်း

“ချစ်ပို ဘာဖြစ်သလဲ”

သူက ဘာမှမပြော။ သို့သော် ကျွန်တော် ကောင်းကောင်း သိသည်။ ဒီကောင် မိန်းမနှင့် ရန်ဖြစ်ထားပြန်ပြီ ထင်သည်။ မဖြစ် ညနေကျလျှင် အိမ်လိုက်ပြီး ကစ်စင်းဂျား လုပ်ရဦးမည်။ သူတို့ မပြေလည်လျှင် ကျွန်တော့် ထမင်းဘူး ကပ်စားသဖြင့် ကျွန်တော် ငတ်ရသည်။

ညနေ ကျောင်းအဆင်း ကျွန်တော်က နှင်းဖွေးလေးကို စက်ဘီးရှေ့ခြင်းထဲတွင် ထည့်လိုက်ပြီး

“ချစ်ပို … ငါ မင်းဆီကို လိုက်မယ် … နောက်မွေးတဲ့ သမီးလေးကို မတွေ့ဖူးသေးဘူး”

ကျွန်တော်က သူ့အိမ်ကို လိုက်ခဲ့သည်.။

အိမ်ပေါ်ကို နှင်းဖွေးလေးအားချီပြီး တက်လိုက်သည်။ ခေါင်းရင်ခန်းတွင် ချစ်ပို မိန်းမက ကလေးကို နို့လှန် တိုက်နေသည်။

“ဟေ့ … ငါ့မြေးလေးကို ပြစမ်းပါဦး … သမီးလေး နှင်းဖွေးထက် ချောသလား”

ချစ်ပို မိန်းမ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ ချစ်ပိုက ခြေဆောင့်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။

“ဟေ့ … ဟေ့ နင်တို့ လင်မယားချင်း အဆင်မပြေတာ … ဝုန်းဒိုင်းတော့ မလုပ်ကြနဲ့နော် … နင်တို့ဟာ ကလေးပဲ နှစ်ယောက်ရလာပြီ … စိတ်ကောက်တမ်း မကစားကြနဲ့တော့ … ပေးစမ်း ကလေးကို ကြည့်စမ်းမယ်”

အလို

ကလေးက နှင်းဖွေးနှင့် လုံးဝမတူ။ ဆန့်ကျင်ဖက်လောက်ကို မတူ။ နှာပြားပြား၊ အသားညိုညို၊ မျက်နှာ လေးထောင့်

ကျွန်တော့်မှာ သမီးငယ်လေးကို ချောလိုက်တာဟု ချီးမွမ်းချင်သော်လည်း အခက်တွေ့နေရပြီ။ ချစ်ပို မိန်းမက

“ဆရာ … ဒီကလေးကြောင့် ကျွန်မတို့ချင်း စကားများနေရတာ”

“ဘယ်လို”

“ဟုတ်တယ်ဆရာ … ဆရာ့ သူငယ်ချင်းက နောက်ရတဲ့ သမီးလေးကို နှင်းဖွေးလေးနဲ့ မတူလို့ ဆိုပြီး စိတ်ဆိုးနေတာ”

ထိုစဉ် ချစ်ပိုက နောက်ဖေးခန်းမှ ဝုန်းဒိုင်းဖြင့် ထွက်လာပြီး

“ဆရာ … စဉ်းစားကြည့် … ကျွန်တော့် သမီးကြီးက ဖြူဖြူဖွေးဖွေးလှလှလေး … နောက်သမီးကျတော့ မပြောချင်ဘူး … မပြောချင်ဘူး … ကျွန်တော် နွားဖြစ်ခဲ့တာဆရာ”

“ချစ်ပို … ဘာတွေ လျှောက်ပြောနေတာလဲ … ဒါ မင်းသမီးလေ”

“ကျွန်တော့် သမီးတော့ ကျွန်တော့်သမီးပေါ့ … ဒါပေမဲ့ … ဒါပေမဲ့”

ချစ်ပိုက ပေါက်ကွဲပြီး အိမ်ပေါ်က ဆင်းသွားသည်။ နှင်းဖွေးလေးက ကျွန်တော့်ပေါင်ပေါ်တွင် အိပ်နေပြီ

“အေးဟယ် … ငါလည်း ဘာပြောရမှန်းမသိဘူး”

“ဆရာ”

“ဘာလဲ”

“ဒီ နောက်တစ်ယောက်ကတော့ သူ့သမီးမှ သူ့သမီး စစ်စစ်ပါဆရာရယ်”

“ဟာ …”

“ဟုတ်တယ်လေ … သူ့အတိုင်းပဲ … နှာခေါင်းပြားတာ … မျက်နှာ လေးထောင့်ကျတာ … အသားညိုတာ ဘာကွာလို့လဲ”

“ဒါဆို … ဒါဆို”

ကျွန်တော် နှင်းဖွေးလေးကို ပုခက်ထဲထည့်ပေးပြီး ပြန်ဆင်းလာသည်။
ခြံဝ ကွပ်ပျစ်တွင် ချစ်ပိုကထိုင်နေသည်။ ကျွန်တော်က ချစ်ပို ပခုံးကို ပုတ်လိုက်ပြီး

“ချစ်ပို … မင်း သမီးလေးက မင်းနဲ့ ချွတ်စွပ်ပဲ သိလား”

ကျွန်တော် စက်ဘီးကို တွန်းလာပြီး လမ်းလျှောက်လာမိသည်။ ခရီးအတော်လေး ဝေးသည်အထိ စက်ဘီးပေါ် မတက်မိသေး။ ကုန်းထိပ်ကိုရောက်မှ စက်ဘီးကို ခွလိုက်ပြီး အရှိန်နှင့် လှိမ့်ဆင်းလိုက်သည်။

ညနေစောင်းတွင် ချောင်းဖက်ကတိုက်လာသည့် လေအေးက မျက်နှာကို တိုးဝှေ့နေသည်။

သို့သော် လေထဲတွင် ဖုန်တွေပါလာသဖြင့် မျက်နှာကို ကာလိုက်ရသည်။

တင်ညွန့်

၂၇.၃.၂၀၁၉

Comments