သံယောဇဉ်(တင်ညွန့်)

သံယောဇဉ်

------------
ကျွန်တော် ဤကျောင်းကိုရောက်သည့်နေ့တွင် ပထမဆုံး သတိထားမိသည်က ဆရာကိုကြည်နိုင်။

တတိယတန်းရှေ့က အဖြတ်တွင် ကလေးငိုသံကြားလိုက်ရသဖြင့် အခန်းထဲကို ကဲကြည့်လိုက်ရာ ပုခက်ကို လှုပ်ပြီး ကလေးသိပ်နေသည့် မြင်ကွင်း။

ကျောင်းစာသင်ခန်းထဲမှာ ဘယ်လိုဖြစ်ပြီး ကလေးပုခက်ရောက်နေရ သနည်း။

“ဆရာ”

ကျွန်တော်က ဆရာလေး ကိုကြည်နိုင်ကို ခေါ်လိုက်သည်။ သူက အတန်းပြင်ကို အပြေးလေး ထွက်လာသည်။ ကျောင်းသူလေး တစ်ယောက်က ပုခက်ကို သွားလှုပ်ပေးနေသည်။

“ကလေးက …”

“ကျွန်တော့်သမီးလေးပါဆရာ”

“ကလေးကို ကျောင်းခေါ်လာလည်း ရုံးခန်းထဲမှာ ပုခက်လုပ်ပြီးသိပ်ပါဆရာ။ ကျွန်တော့်ကို အားနာစရာ မလိုပါဘူး။ စာသင်ခန်းထဲမှာတော့ အမြင်မတော်ပါဘူး။ ခုပဲ ရုံးခန်းထဲကို ရွှေ့လိုက်ပါ။ ဆရာ စာဝင်သင်နေ လည်း အားတဲ့ဆရာ ထိန်းပေးလို့ရတာပေါ့”

“ကျွန်တော်က ဆရာ့ကို အားနာလို့ပါ”

“အားနာစရာလားဗျာ။ ဝန်ထမ်းချင်းပဲ။ ခင်ဗျား ကလေးလည်း ကျွန်တော့် ကလေးပဲပေါ့”

ဤသို့ဖြင့် ကြယ်စင်လေးကို ကျွန်တော် သံယောဇဉ်ဖြစ်ရတော့သည်။ ကလေးကလည်း ချစ်တတ်သဖြင့် အတန်းနားတိုင်း လက်ဖက်ရည်ဆိုင်ကိုပင် မသွားတော့ ။ ရုံးခန်းပြန်ပြီး ကလေးထိန်းရသည်မှာ အလုပ်တစ်လုပ် ဖြစ်နေသည်။

ကိုကြည်နိုင်သည် သူ့ကလေးအပေါ် အလွန်ချစ်၊ အလွန်ဂရုစိုက်သူဖြစ်သည်။ ကိုယ်တိုင် ထမင်းကျွေးသည်။ ကိုယ်တိုင် ချေးသေးအဝတ်များကို လဲပေးသည်။ ကလေးက စိတ်ကောင်းရှိသည့် ကလေးလေးဖြစ်သည်။ ဘယ်သူ ခေါ်ခေါ်လိုက်သည်။ အငိုအပြုလည်း နည်းသည်။

ကျွန်တော်က ကိုကြည်နိုင်ကို မေးရမှာ အားနာသဖြင့် ဆရာမလေး သီတာကို

“ဟဲ့ … သီတာ … ကိုကြည်နိုင်က ကလေးကို နေ့တိုင်း ကျောင်းခေါ်လာတာ သူ့မိန်းမ သေသွားလို့လား”

“သေသွားတာကမှ ကောင်းဦးမယ်”

“ဟယ် … နင် ဘယ်လိုပြောလိုက်တာလဲ … သူများ မိန်းမကို”

“ဆရာ … ဒါတွေကို မသိဘူးလား”

“ဘာသိရမှာလဲ။ ငါက ရောက်တာမှ မကြာသေးတာ”

“သူ့မိန်းမက ညအလုပ်ဆင်းတယ်လေဆရာ။ အဲဒါ မနက်မှ ပြန်လာတာ။ မိုးလင်းတော့ သူ့မိန်းမက အိပ်တာ။ ဆရာ ကိုကြည်နိုင်က ချက်ပြုတ်ပေးခဲ့ပြီး သူ့မိန်းမ နိုးမှာ စိုးရိမ်လို့ ကလေးကို မနက်ပိုင်း ကျောင်းကို ခေါ်လာတာ”

“ဩော် … ပင်ပန်းရှာကြတာပဲ … အေးလေ … ဒီလိ်ုပဲ ဝိုင်းပြီးတော့ စောင့်ရှောက်ကြတာပေါ့”

“ဆရာ မသိဘူးနော်”

“နင့်ကို မသိလို့ မေးတာလေ”

ထိုအချိန်တွင် ကိုကြည်နိုင် ရောက်လာသဖြင့် စကားပြတ်သွားသည်။

“ကိုကြည်နိုင်ရေ … လေးတန်းမှာ ဆရာမ ဒေါ်ပြုံးမလာလို့ အဲဒါ ခင်ဗျား အစားဝင်ပေးပါ”

“ဟုတ်ကဲ့ဆရာ … သမီးလေးနိုးရင် ကျွန်တော့်ကို လှမ်းပြီး ခေါ်နော်”

“ခင်ဗျားသမီးနိုးလည်း ကျွန်တော် ထိန်းပေးထားပါ့မယ်”

ကိုကြည်နိုင်သည် မနက်ဆိုလျှင် ကျောင်းကို စက်ဘီးလေးနှင့် ရောက်လာတတ်သည်။ စက်ဘီး ရှေ့ခြင်းလေးထဲတွင် ကြယ်စင်လေးကို ထည့်လာသည်။ နေ့လယ်ကျောင်းဆင်းလျှင် ကလေးကို ပြန်ခေါ်သွား သည်။ ကျောင်းပြန်တက်လျှင်တော့ ကလေး မပါလာတော့။ သူက မနက်ပိုင်း နေ့လယ် ၁၂ နာရီအထိ ကလေးကို စောင့်ရှောက်ရန် တာဝန်ယူထားပုံရသည်။ နေ့ခင်းပြန်လျှင်တော့ သူ့မိန်းမနှင့် ကလေးကို ထားခဲပုံ ရသည်။

ကိုကြည်နိုင်အကြောင်း ပြောရလျှင် အလွန်ရိုးအသူဟု ဆိုရမည်။ ကျောင်းဆရာ ဝင်လုပ်နေသော်လည်း ဇာတ်မင်းသားနှင့်တူသည်။ ရုပ်ချော အသားဖြူပြီး အရပ်က ပုပြတ်ပြတ်ဖြစ်သည်။ အမောက်ကို ကော့နေအောင် ထောင်ထားတတ်သည်။ တွံတေးသိန်းတန် ဆံပင်မျိုးဖြစ်သည်။

သူကလေးကို ပုခက်နှင့် သိပ်နေလျှင်လည်း တွံတေး သိန်းတန် သီချင်းကိုပဲ ဆိုသိပ်တတ်သည်။

“ကိုကြည်နိုင် … တွံတေးသိန်းတန်ကို တော်တော်ကြိုက်လား”

“ကျွန်တော့်ဆရာဗျ”

“ဟင် … ဘယ်လို ဆရာဖြစ်တာလဲ”

“ကျောင်းဆရာ ဝင်မလုပ်ခင်က ကျွန်တော် ဇာတ်ထဲမှာ ပြဇာတ်မင်းသားလုပ်တယ်။ ဒုတိယမင်းသားပေါ့ဆရာ”

“ဟုတ်မယ် … ခင်ဗျား ရုပ်က ပြဇာတ်မင်းသားရုပ်ပဲ”

“ဆရာ ကိုသိန်းတန်က ကျွန်တော့်ကို ညီလေးတစ်ယောက်လို သင်ပေးတာ”

“ကံကောင်းတာပဲ။ ကိုသိန်းတန်လို လူမျိုးနဲ့ တွဲခဲ့ရတာ”

“တကယ့် သူတော်ကောင်း အစ်ကိုဆရာပါခင်ဗျာ”

နောက်ပိုင်း ကျွန်တော်နှင့်သူ အတော်လေး ခင်သွားတော့ သူ့ကို ကျွန်တော်က မင်းသားဟုခေါ်သည်။ သူက ဇာတ်ကရင်းကြိုးစားသည်။ ဆယ်တန်းအောင်သည်။ ဘွဲ့ရအောင် ကျောင်းတက်သည်။ ဘွဲ့ရတော့ ဇာတ်နောက် မလိုက်တော့။ ကျောင်းဆရာအလုပ်ကို ခြေစုံပစ်ဝင်ခဲ့သည်။

“ဘာဖြစ်လို့ ခင်ဗျားက ကျောင်းဆရာ ဝင်လုပ်ရတာလဲ”

“သူ့ကြောင့်ပေါ့”

ကိုကြည်နိုင်သည် တွံတေးသိန်းတန် ဇာတ်အဖွဲ့မှ နောက် ဇာတ်တစ်ဖွဲ့သို့ ခေါင်းဆောင်မင်းသားဘဝနှင့် ရောက်သွားသည်။ ထိုဇာတ်အဖွဲ့တွင် မကြေးဥကိုတွေ့သည်။ မကြေးဥက နောက်လိုက်မင်းသမီး။

“မကြေးဥက အရမ်းလှတယ်ဆရာ။ ကျွန်တော် သူ့ကို စိတ်မချဘူး။ အဲဒါကြောင့် ကျွန်တော် သူ့ကို ခိုးပြေးပြီး ဇာတ်လောကကို အပြီးစွန့်လွှတ်လိုက်တာ”

“ကောင်းပါတယ်လေ”

ကြယ်စင်လေးကို ကျွန်တော် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ဖြစ်လာသည်။ သူ့အတွက် ကျွန်တော်က ဒုတိယအဖေလိုဖြစ်နေသည်။ ကလေးကလည်း ကျွန်တော့်ကို အတော်လေး ချွဲသည်။ သူက ချွဲလေ ကျွန်တော်က သံယောဇဉ်ပိုလေဖြစ်သည်။

“မင်းသား … မင်းမိန်းမကို တစ်နေ့လောက် ခေါ်လာပါဦးကွ။ မြင်ဖူးတယ်ရှိအောင်။ ကြယ်စင်က မင်းနဲ့ မတူတာတော့ အမှန်ပဲ။ မင်း မိန်းနဲ့ တူတာပဲဖြစ်မယ်”

ကိုကြည်နိုင် မျက်နှာပျက်သွားသည်။ ကျွန်တော်က ပြောင်သလို နောက်သလို ပြောလိုက်ခြင်း ဖြစ်သော်လည်း သူမျက်နှာ ပျက်သည်ကိုကြည့်ပြီး အားနာမိပြန်သည်။

ကျွန်တော် ဘီအီးဒီ တစ်နှစ်သင်တန်းတက်ရန် အမိန့်ထွက်လာသည်။ ထို့ကြောင့် ရန်ကုန်ကို သင်တန်းတစ်နှစ် လာတက်ရသည်။

တစ်နှစ်သင်တန်းပြီးသည့် အခါတွင် ရာထူးတိုးစောင့်ရင်း မိခင်ကျောင်းကို ပြန်ဝင်ရသည်။ ယနေ့ ကြယ်စင် လေးကို မျှော်ရသည်။ သို့သော် ကျောင်းတက်ချိန်အထိ သားအဘနှစ်ယောက် ပေါ်မလာ။

“သီတာ … ကိုကြည်နိုင် ဘာဖြစ်သလဲ။ ကျောင်းမလာတာ ကြာပြီလား”

“ဆရာ … ဘာမှ မသိဘူးလား”

“ဟဲ့ … ငါက ဒီနေ့မှ ကျောင်းလာတက်တာ ဘာသိရမှာလဲ”

“ကိုကြည်နိုင် အိပ်ရာထဲ လဲနေပြီ”

“ဟာ … နေမကောင်းတာများ … အေး … တော်တော်ဖြစ်နေလား … ငါသွားကြည့်ဦးမယ်”

“သွားမကြည့်နဲ့ဆရာ”

“ဘာဖြစ်လို့လဲဟ”

“ကိုကြည်နိုင်က အေအိုင်ဒီအက်စ်ဖြစ်နေတာ”

“ဟယ် ဘယ်လိုပြောလိုက်တာလဲ … ပေါက်ကရတွေ”

“ဆရာ … ဆရာအကြောင်းစုံ သိမှဖြစ်မယ်”

ကိုကြည်နိုင်က မင်းသမီး မကြေးဥကို ခိုးပြေးပြီး သူတို့ ဘဝတစ်ခု ထူထောင်ကြသည်။ မကြေးဥကို အရိပ် တကြည့်ကြည့်နှင့် ချစ်ခဲ့ရသည့် ကိုကြည်နိုင်တစ်ယောက် ကျောင်းဆရာ ဝင်လုပ်သော်လည်း စားဝတ် နေရေးက မပြေလည်ရှာ။

နောက်ဆုံး မကြေးဥသည် ညဘက် ဆိုင်ကြီးတစ်ဆိုင်တွင် သီချင်းဆိုသည့် အလုပ်ကို သွားလုပ်သည်။ သူ့အလုပ်က ညနေ ၇ နာရီလောက်ဆိုလျှင် ကားနှင့်လာကြိုသွားသည်။ မိုးလင်း ၂ နာရီ ၃ နာရီလောက်မှ ပြန် ပို့သည်။

မကြေးဥက မိုးလင်းခါနီးမှ ရောက်လာပြီး အိပ်သည်။ ဇာတ်မင်းသမီးဘဝ အသံကောင်းသဖြင့် သူ့ကို ဆိုင်ကြီးတွေက ကြေးကောင်းကောင်းပေးပြီး ငှားရသည်။

ကျွန်တော် ကိုကြည်နိုင်နေသည့် ရပ်ကွက်ကိုရောက်လာသည်။ သူတို့က တိုက်ခန်းလေးတစ်ခန်း ငှားနေသည်။ ကျွန်တော် တိုက်ခန်းတံခါးကို ခေါက်လိုက်သည့်အခါ အမျိုးသမီးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။ မျက်လုံးတွင် ဆေးတွေခြယ်ထားသည်က မဖျက်ရသေး။ နှုတ်ခမ်းနီ ပါးနီတွေနှင့် ဖြစ်သည်။ ကလေး ငိုသံကြား လိုက်ရသည်။

“ဒီ သောက်ကလေးကလည်း ငိုပဲ ငိုနိုင်တယ်” ဟု နောက်ကို လှည့်အော်သည်။

“ကိုကြည်နိုင်နဲ့ တွေ့ချင်လို့ပါ”

“အခန်းထဲမှာ ဝင်ကြည့်မှရမယ်။ မထနိုင်ဘူး”

ကျွန်တော့်ကို သူက အခန်းထဲခေါ်သွားသည်။ အခန်းထဲရှိ ကုတင်ပေါ်တွင် ကိုကြည်နိုင်။ မနည်း ရုပ်ဖမ်းရသည်။ ပိန်ချုံးကျနေသည်။ မျက်တွင်းကဟောက်ပက်။

“ကိုကြည်နိုင်”

“ဘယ်သူလဲ”

သူက အသံတိုးတိုးလေးသာ ထွက်နိုင်တော့သည်။

“ငါပါကွ”

“ဆရာ … ဆရာနော်”

ကိုကြည်နိုင် ကျွန်တော့်ကို တွေ့လျှင် ငိုတော့သည်။ သူ့လက်လေးကို လှမ်းပေးသည်။ လက်တွေက သေးသေး လေးသာရှိတော့သည်။ လက်မှာလည်း အနာတွေနှင့်ဖြစ်သည်။

“မင်း နေမကောင်းဘူးဆိုလို့ လာကြည့်တာ”

“ဆရာ … ကျွန်တော် မနေရတော့ပါဘူး”

“မင်းကလည်း အားမငယ်ပါနဲ့ကွ …”

“ဆရာ”

“ဘာလဲ မင်းသားရာ”

“သမီးလေးက ဆရာ့ကို ရှာတယ်သိလား။ ဆရာ့ကို ပါပါကြီးတဲ့”

“အေးပါကွာ”

ကျွန်တော် စိတ်မကောင်းစွာနှင့် ပြန်ခဲ့သည်။ နောက် သုံးရက်မြောက်တွင် ကိုကြည်နိုင်ဆုံးသည်။

သူ့အသုဘချသည့်နေ့က ကျွန်တော် အမိန့်စာပြန်ရသည်။ ကားပေါ်ကို တက်ခါနီး ကြယ်စင်လေးကို သွားနှုတ်ဆက်ကာ နမ်းလိုက်သည်။

“မီးလေး လာပါဦး”

“ပါပါကြီး”

“မီးလေး”

“လှလှ”

ကြယ်စင်လေးက ကျွန်တော် ဝယ်ပေးထားသည့် ဂါဝန်လေးကို လက်ညှိုးလေးထိုးပြီးပြောနေခြင်းဖြစ်သည်။ သူ့အမေက

“ကဲ … လာ သွားမယ်” ဆိုပြီး ကြယ်စင်လေးကို ကျွန်တော့်ဆီက ဆွဲခေါ်သည်။

“လိုက်ဘူး … လိုက်ဘူး … ဖေဖေနဲ့ပဲနေမယ် … ပါပါးကြီး … မီးကိုခေါ် … မီးကိုခေါ်ပါ”

ကျွန်တော် မျက်ရည်ကို မနည်းထိန်းထားရသည်။ သူ့အမေက ကျွန်တော့်လက်ထဲမှ ကြယ်စင်ကို ဆွဲယူသွား သည်။ ကားပေါ်ကို တက်သွားပြီး ကားထွက်သွားသည်အထိ ကလေးက ငိုသွားသည်။

ကျွန်တော်က မီးလောင်နေသည့် မင်းသားအလောင်းကို ကြည့်လိုက်ပြီး

“သွားကြ … သွားကြ … အားလုံး သွားကြ” ဟု ပြောလိုက်မိသည်။

“ဘဝအဆက်ဆက် သံယောဇဉ် မတွယ်ပါရစေနဲ့တော့ကြည်နိုင်ရာ”

တင်ညွန့်

၁၈.၈.၂၀၁၈

Comments