အမေ့ကောင်လေး(တင်ညွန့်)

အမေ့ကောင်လေး

--------------------
ကောင်လေးတွင် မိန်းကလေးများနှင့် စကားပြောဖူးသည့် အတွေ့အကြုံမရှိ။ သူက ပန်းလေးကို မွှေးမည်ဟု စိတ်ကူးမိပြီးမှ ခိုးစားသည်ကို လူမိသွားသလို ပန်းလေးကို ပြန်လွှတ်ချလိုက်ပြီး ကောင်မလေးကို မော့ကြည့် လိုက်သည်။ ထို့နောက် ဘာမှ မပြောဘဲ ကောင်လေးက ထွက်သွားသည်။

“ဟေ့ ရိုင်းလိုက်တာ သူများ ပန်းကို လွှတ်ချသွားတယ်”

ကောင်လေး ဘာဖြစ်သွားမှန်းမသိ။ ရင်တွေခုန်သလိုလိုဖြစ်သွားပြီး ကျောင်းရောက်သည့်အခါ တရုတ်လေးကို ပြောပြလိုက်သည်။

“ငါကွာ လမ်းမှာ ပန်းလေးတစ်ပွင့်တွေ့လို့ ကောက်ကြည့်ပြီး နမ်းမယ်လုပ်လိုက်တာ ကောင်မလေး တစ်ယောက်က သူ့ပန်းဆိုလို့ ရှက်လိုက်တာ”

“ဟေ့ လမ်းမှာ ကျနေတဲ့ပန်း ဟုတ်လား။ အဲဒါ သူ့ပန်းတဲ့လား။ သူ့ပန်းလို့ ပြောတာနဲ့ မင်းက ရှက်သတဲ့လား”

“ဟေ့ကောင် မင်း ငါ့ကို မနောက်နဲ့ တကယ်ပြောတာ”

“ကောင်လေးရာ ဒါတိုက်ဆိုင်မှု တစ်ခု ဖြစ်နိုင်ပါ့မလား”

“မသိဘူးကွ”

“ဘယ်က ကောင်မလေးလဲ”

ကောင်လေးက တိုးတိုးလေး ပြောလိုက်သည်။

“ခု … အတန်းထဲဝင်လာတဲ့ ကောင်မလေးကွ”

“ဟာ … အဲဒါ ခင်ဖြူထွန်းပဲ … သွားမလုပ်နဲ့မောင် … ပြဿနာအကြီးကြီး ဖြစ်သွားလိမ့်မယ်”

“ဘာလဲကွ ပြဿနာအကြီးကြီးဆိုတာ”

“သူ့အဖေက အရာရှိကြီးတစ်ယောက်။ အစ်ကိုတစ်ယောက်က လမ်းသရဲဂိုဏ်းခေါင်းဆောင်။ သူနဲ့ ဘာလိုလို ဖြစ်နေတဲ့ကောင်က ရဲမှူးကြီးသားဆိုလား”

“ဩော်”

ကောင်လေးက မေ့မေ့ပျောက်ပျောက်နှင့် နေလိုက်သည်။ သူ့တွင် စိတ်ကူးယဉ်စရာအချိန်မရှိ။ ဆင်းရဲသဖြင့် ကိုယ့်ဘဝကို ခက်ခဲစွာရုန်းကန်နေရသောကြောင့် သူများတွေလို သူ့တွင် စိတ်ကူးယဉ်စရာတွေကို မေ့ဖျောက် ထားသည်။

တစ်နေ့တွင် ကျောင်းကိုသူစောစောရောက်သည်။ အတန်းထဲတွင် သူထိုင်နေကျ နောက်ဆုံးခုံလေးမှာထိုင်ပြီး အင်္ဂလိပ်စာအုပ်တစ်အုပ်ထုတ်ကာ ဖတ်နေမိသည်။ ထိုစဉ် အတန်းထဲကို တစ်ယောက်ဝင်လာသည်။ ခင်ဖြူထွန်း ဖြစ်နေသည်။ သူက ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသလိုလို။ စာကို ငုံ့ဖတ်နေရင်းက ရေမွှေးနံ့သင်းသင်းလေး ရလိုက်သဖြင့် မော့ကြည့်လိုက်ရာ သူဖြစ်နေသည်။

“ဟေ့ … တစ်နေ့က ငါ့ပန်းကို လွှင့်ပစ်သွားတာ တောင်းပန်”

“ဘာဖြစ်လို့ တောင်းပန်ရမှာလဲ။ လမ်းမှာ ကျနေတာ နင့်ပန်းရယ်လို့ သိမလား”

“အလကားစတာပါ။ အင်္ဂလိပ်စာတွေ လုပ်လာပြီးပြီလား အထွန်းကို ခဏပေးပါလား”

“ဘာလုပ်မလို့လဲ”

“ကူးမလို့ပေါ့”

“ကူးလို့မတတ်ပါဘူး”

“ဒါဆိုလည်း အထွန်းကို ရှင်းပြလေ”

“မရှင်းပြနိုင်ပါဘူး … ရော့ စာအုပ်ယူချင် ယူသွား”

“ကောင်လေး … နင်က ကြောင်တောင်တောင်လေး”

အထွန်းက စာအုပ်ကို ယူပြီး ခိုးခိုးခစ်ခစ်ရယ်ကာ ထွက်သွားသည်။
ကျောင်းတက်သည့်အခါတွင် ကောင်လေးက တရုတ်လေးကို အကြောင်းစုံပြောပြလိုက်သည်။

“ဟေ့ကောင် သတိထား … မာယာတွေကွ။ အဲဒီ အထွန်းဆိုတဲ့ကောင်မလေးက ရည်းစားတွေ လျှောက်ထား နေရတာကို ဂုဏ်ယူနေတာ။ ခုလည်း သူ့ကောင်နဲ့ ဘာဖြစ်နေမှန်းမသိ မင်းကို လာရိနေတာနဲ့တူတယ်။ သတိထား သူ့ကို အရောဝင်လိုက်တာနဲ့ မင်းမှာ ရန်သူတွေ အများကြီးဖြစ်သွားပြီ”

“အေးပါကွ … ငါကစတာမှ မဟုတ်တာ။ သူ့ဘာသာသူ လာရောနေတာ”

“မင်းကွာ ကင်းကင်းနေစမ်းပါ … သူတို့က ယောက်ျားတွေနဲ့ ကစားချင်နေတာကွ”

အထွန်းခေါ် ခင်ဖြူထွန်းကို ကောင်လေး ဤကျောင်းလာမှ တွေ့ဖူးခြင်းဖြစ်သည်။ ယနေ့မနက်မှ စကား ပြောဖူးသည်။ သူ့ဘဝတွင် မိန်းကလေးရွယ်တူချင်း ပထမဆုံး စကားပြောဖူးသလို စိတ်ထဲတွင် ဘာမှန်းမသိ ရင်ဖိုသလိုလိုဖြစ်ခဲ့မိသည်။

အင်္ဂလိပ်စာအချိန်ရောက်ခါနီးပြီ။ ကောင်လေးစာအုပ်ကို အထွန်းက လာမပေးသေး။ သူက တမျှော်မျှော်ကြည့် နေရပြီ။ ဆရာကဝင်လာပြီး နှုတ်ဆက်သည်။ စာအုပ်တွေ သွားထပ်ကြသည်။ အထွန်းက စာအုပ်ထွက်ထပ် လိုက်ပြီး အတန်း အနောက်ဘက်ကိုလာကာ ကောင်လေးကို

“စာအုပ်အတူတူထပ်လိုက်ပြီ သိလား” ဟုလာပြောသည်။

ဝန်းကျင်မှ ယောက်ျားလေးတွေက ကောင်လေးကို အံ့အားသင့်စွာဖြင့် ဝိုင်းကြည့်ကြသည်။

ကျောင်းမုန့်စားလွှတ်ချိန်တွင် ကောင်လေးနှင့် တရုတ်လေး တံတားထိပ်ရှိ ဘိန်းမုန့်ဆိုင်ကိုလာပြီး ဘိန်းမုန့် စားသည်။ သူတို့ ဘိန်းမုန့်စားပြီး ပြန်အလာ လမ်းတွင် ကျောင်းသား သုံးယောက်က လမ်းပိတ်လျှောက် လာပြီး ကောင်လေးကို ပုခုံးချင်း ဝင်တိုက်လိုက်သည်။

ယိုင်သွားသည့်ကောင်လေးကို တရုတ်လေးက ဖမ်းထိန်းလိုက်ပြီး

“ဟေ့ မင်းတို့ …” ဟုပြောလိုက်သည်။

ခပ်ပိန်ပိန် အင်္ကျီအနက်ဝတ်ထားသူက

“ဘာလဲ မကျေနပ်ဘူးလား” ဟုပြောသည်။

ကောင်လေးက ရန်စပြီဆိုသည်ကို သိလိုက်သည်။ ထို့ကြောင့် တရုတ်လေးကို ဆွဲပြီး

“လာပါကွာ … သွားရအောင်” ဆိုကာ ထွက်ခဲ့သည်။ နောက်က သုံးယောက်က သူတို့ နောက်ကို ဆက်လိုက်လာသည်။

“ဟေ့ကောင် ငကြောက် … ကြောက်သွားပြီလား” ဟုထပ်ပြောသည်။

ကောင်လေးက မကြားချင်ယောင်ဆောင်ပြီး ဆက်လျှောက်လာသည်။ သူတို့ သုံးယောက်က ကောင်လေးကို ကျော်ပြီး လမ်းပိတ်ရပ်လိုက်သည်။

“ဘာလဲကွ … ဘာဖြစ်လို့လဲ”

“မင်းနဲ့ အထွန်းက ဘာလဲ”

“ဘာမှမဟုတ်ဘူး … ဘာဖြစ်လို့လဲ”

“မင်း အထွန်းနဲ့ ဝေးဝေးနေ မပတ်သက်နဲ့ သိလား”

“ဟေ့ကောင် ငါနဲ့ အထွန်း ဘာမှ မဟုတ်ဘူး။ စိတ်လည်း မဝင်စားဘူး”

“အေးပါ မင်းကို သတိပေးထားတာ။ သွားပတ်သက်လို့ကတော့ ငါ့ကို အဆိုးမဆိုနဲ့”

“ဒီမှာ ဟေ့ကောင် … မင်းကို ငါကြောက်လို့မဟုတ်ဘူး။ မင်းလာပြီး ခြိမ်းခြောက်စရာလည်း မလိုဘူး။ အဲဒီ မိန်းမကြောင့် မင်းငါ့ကို လာပြီး မာန်ဖီနေတာဆိုရင်တော့ ဆောရီးပဲ။ ငါက စိတ်ကို မဝင်စားတာ”

“မင်းစကားပြောတာ ရင့်လှချည်လား။ မနေ့တစ်နေ့မှ ကျောင်းရောက်လာတဲ့ကောင်က လူပါးဝလို့”

ကောင်လေးနှင့်သူတို့ ပြဿနာတက်မည့်ဟန်ပြင်နေသည်ကို ဘေးမှ ဆိုက်ကားသမားတွေက ဝင်ဆွဲသည်။ တရုတ်လေးက

“အဲဒီကောင်က ရဲမှူးကြီးသားဆိုတာပဲကွ။ အထွန်းရည်းစားတဲ့။ အဲဒါ မင်းကို အထွန်းနဲ့ ဖြစ်နေတယ်ထင်ပြီး မာန်လာဖီနေတာနေမှာ”

“အေးကွာ … ဘာမှလည်း မဆိုင်ဘူး … ဒါနဲ့ အဲဒီကောင်နာမည်က ဘာလဲ။ ဘယ်အတန်းကလဲ”

“သူက ဆယ်တန်းကကွ။ သန်းနိုင်တဲ့”

နောက်တစ်နေ့ ကောင်လေး ကျောင်းအလာတွင် အထွန်းက ကျုံးဖြတ်တံတားပေါ်တွင် မတ်တတ်ရပ်နေသည်။ စာအုပ်လေးတစ်အုပ်ကိုင်ထားသည်။

“ကောင်လေး”

မျက်လွှာချပြီး သူ့ကိုမကြည့်ဘဲ ဖြတ်ထွက်သွားရန် ပြင်နေသည့် ကောင်လေးကို သူက လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။ ကောင်လေးက ဆက်သွားသည်။ အထွန်းက ပြေးလိုက်လာပြီး

“ကောင်လေး … နေပါဦးဟ … နင့်ကို ပြောစရာရှိလို့ စောင့်နေတာ”

“ငါနင်နဲ့ စကားမပြောချင်ဘူးဟာ … မနေ့က စာအုပ်လေး ငှားလိုက်ပါတယ်။ ပြဿနာ လာရှာနေလို့။ အေးအေး ဆေးဆေးဆေး နေပါရစေ”

“ဘယ်သူလဲ သန်းနိုင်လား”

“အေး”

“သူနဲ့ငါ ဘာမှ မဆိုင်တော့ဘူး။ ဒီကောင် ဘာဖြစ်လို့ … တောက်”

“နင်နဲ့ ငါလည်း ဘာမှ မဆိုင်ပါဘူးဟာ … ငါ့ကို လာပြီး မရောပါနဲ့”

“ဘာလဲ … နင်က သန်းနိုင်ကို ကြောက်နေတာလား”

“အထွန်း နင်ငါ့ကို ဒီလိုမပြောနဲ့ … ငါ့မှာ ကြောက်စရာ ဘာမှမရှိဘူး။ ဒါပေမဲ့ မိန်းမတစ်ယောက်နဲ့ ပတ်သက်ပြီး ပြဿနာတက်ဆိုတာမျိုး ငါမလိုချင်ဘူး”

“အေးလေ ကောင်းပြီလေ နင်က မပတ်သက်စေချင်ရင် နင့်ကို ငါဘယ်တော့မှ မပတ်သက်စေရဘူး စိတ်ချ”

အထွန်းက ခြေဆောင့်ပြီး ထွက်သွားသည်။ ကောင်လေးက နောက်ချန်နေခဲ့သည်။ အတော်လေးကြာမှ ကောင်လေး ကျောင်းကိုထွက်လာသည်။

ကျောင်းတွင် အင်္ဂလိပ်စာသင်သည့် ဆရာမက ကောင်လေးကို ဖိတ်စာတစ်စောင်လာပေးသည်။ ကောင်လေး အံ့အားသင့်ရသည်။

“ဆရာမ ဘာလဲခင်ဗျ”

“ခရစ်စမတ်ပွဲအတွက် ဖိတ်တာ”

“ကျွန်တော် တစ်ယောက်တည်းလား”

“အေး … မင်း မနက်စောစော လာစေချင်တယ်။ ဆရာမ မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်”

“ဟုတ်ကဲ့ ဆရာမ။ ဆရာမ အိမ်ကိုပဲ မဟုတ်လား”

“အေး”

ဆရာမက ကရင်ခရစ်ယာန်ဆရာမလေးဖြစ်သည်။ အင်္ဂလိပ်စာအလွန်တော်သည့် သူ့ကို ဆရာမက အသိ အမှတ်ပြုသည်။ ထို့ပြင် အင်္ဂလိပ်စာကို စိတ်ဝင်စားစွာဖြင့် မကြာခဏ ကျောင်းလွှတ်ပြီးချိန်တွင် လာမေးတတ် သောကြောင့်လည်း ဆရာမက

“ငါ့ ဆရာမ သက်တမ်းတစ်လျှောက် မင်းလောက် အင်္ဂလိပ်စာ လောဘကြီးတဲ့သူကို မတွေ့ဖူးဘူး။ အင်္ဂလိပ်စာ ကိုစိတ်ဝင်စားတဲ့ မင်းလိုကျောင်းသားမျိုးနဲ့လည်း မကြုံဖူးဘူး။ ဘာပဲဖြစ်ဖြစ်ကွယ် အင်္ဂလိပ်စာကို လေ့လာ လိုက်စားလို့ မင်းမှာ တစ်သက် အကျိုးယုတ်စရာ မရှိပါဘူး” ဟုပြောသည်။

ခရစ္စမတ်နေ့ မနက်ခင်းတွင် ကောင်လေးက ဆရာမအိမ်ကို သွားသည်။ ဆရာမအိမ်တွင် ကော်ဖီနှင့် မုန့်ကျွေးပြီး နောက် ဆရာမက သူ့ဖခင်ဆိုသူနှင့် မိတ်ဆက်ပေးသည်။

“ပါပါ ဒါ သမီးပြောတဲ့ကောင်လေးလေ … ကျောင်းမှာ အင်္ဂလိပ်စာ အရမ်းတော်တယ်”

“ဩော် … ဦးမေးချင်တယ် … ဘာကြောင့် အင်္ဂလိပ်စာကို စိတ်ဝင်စားသလဲ”

“အစပိုင်းကတော့ မခံချင်စိတ်နဲ့ ကြိုးစားတာပါ။ ဒါပေမဲ့ လေ့လာရင်း ဖတ်ရင်း မှတ်ရင်းနဲ့ ပျော်လာတယ်။ အင်္ဂလိပ်စာကို နားလည်လေ ပိုပျော်လေပဲ။ ကျွန်တော်က တစ်နေ့မှာ အင်္ဂလိပ်စာသင်တဲ့ ဆရာဖြစ်ချင်တယ်”

“ဆရာဖြစ်ချင်သတဲ့လား … ကောင်းတယ် … စိတ်ဓာတ်ကို အရမ်းကြိုက်တယ်။ သမီးပြောပြလို့ မင်းအကြောင်း စိတ်ဝင်စားတယ်။ မိဘတွေက ဆင်းရဲတယ်။ ဈေးရောင်းတယ်။ မင်းက ရေထမ်းရောင်းတယ်ဆို ဟုတ်လား”

“ဟုတ်ကဲ့ … ကျွန်တော့်အကြောင်း ဘယ်သူပြောပါလိမ့်”

“ဆရာမကို တရုတ်လေးပြောတာ။ မင်းသူငယ်ချင်းပေါ့”

ဆရာမ ဖခင်ကြီးက ထသွားပြီး ပြန်လာသည့်အခါတွင်

“မင်းက အင်္ဂလိပ်စာနဲ့ မြန်မာစာကို တိုက်ဖတ်ရတာ ဝါသနာပါတယ်ဆို”

“ဟုတ်ကဲ့”

“ရော့ ဒီမှာ ဦးတို့ သမ္မာကျမ်းစာ အင်္ဂလိပ်လိုနဲ့ မြန်မာလိုဘာသာပြန်ထားတဲ့ နှစ်အုပ်”

“ဟာ … ဝမ်းသာလိုက်တာဦးရယ်။ ကျွန်တော် ရှောလမုန်ရဲ့ အခန်းတစ်ခန်းကိုတောင် ကြိုက်လို့ ကူးထားပြီး အလွတ်ကျက်ထားဖူးတယ်”

“တယ်ဟုတ်ပါလားကွာ … ဦးကို ပြောစမ်းပါ ဘယ်အခန်းလဲကွ”

“ဘယ်အခန်းမှန်းတော့ မသိဘူးဦးရဲ့ အင်္ဂလိပ်လိုနဲ့ မြန်မာလို အလွတ်ကျက်ထားတာ”

“ဆရာမတော့ အံ့တယ်ကွယ်။ ပါပါး သမီးပြောတယ်မဟုတ်လား။ ကောင်လေးက တော်ပါတယ်လို့”

“သားရတဲ့ အပိုဒ်ကို ရွတ်ပြလေ”

“My heart loves night on my bed I sought him But found. I will rise up And go about the city. My loves, and will seek to find, but found. The watchmen that go about the city found me, Loves me and I saw him, I said, If a tree a little way from them, I found my soul loves I will forgive him Always hold. My mother's house, who were born and brought the chamber.”

“မြန်မာလိုကရောကွာ”

“ငါ့ဝိညာဉ်ချစ်သောသူကို ညဉ့်အခါအိပ်ရာပေါ်မှာငါရှာ၏၊၊ ရှာသော်လည်းမတွေ့၊၊ ငါထမည်၊၊ မြို့လမ်းတို့တွင် လည်မည်၊၊ ငါ့ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင်ရှာမည်ဟု ဆိုလျက်ရှာသော်လည်းမတွေ့၊၊ မြို့ကို လည်သော ကင်းစောင့်တို့သည်ငါ့ကိုတွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟုငါမေး၏၊၊ သူတို့မှအနည်းငယ်လွန် ပြန်လျှင်၊ ငါ့ဝိညာဉ် ချစ်သောသူကိုတွေ့၏၊၊ ငါသည်သူ့ကိုမလွှတ်၊၊ အမြဲကိုင်၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့၏”

“ကောင်လေး မင်းကို သဘောကျသွားပြီ … ဒါတွေကို ဘာဖြစ်လို့ အလွတ်ကျက်ထားတာလဲ”

“ဘာရယ်လို့မသိဘူး။ တွေ့တဲ့ စာပိုဒ်လေးတွေ ကူးထားပြီး အားတဲ့အချိန်လေးတွေမှာ အလွတ်ကျက်ကြည့် တယ်။ ပျင်းရင် ပြန်ရေးကြည့်မိတယ်”

“ရော့”

“ဘာလုပ်ရမှာလဲ ဦး”

“မင်းကို သမ္မာကျမ်းစာအုပ် နှစ်အုပ် လက်ဆောင်ပေးတာ။ အားရင်တိုက်ဖတ်ကွာ”

“ကျေးဇူးတင်လိုက်တာဦးနဲ့ ဆရာမခင်ဗျား။ ကျွန်တော် လေ့လာပါ့မယ်။ ကျကျနနကို လေ့လာသင်ယူပါ့မယ်။ ကျေးဇူးတင်ပါတယ်”

အိမ်ပြန်ရောက်သည့်အခါတွင် ကောင်လေးတစ်ယောက် ကျမ်းစာအုပ်နှစ်အုပ်ဖြင့် အလုပ်ရှုပ်ပြီ။ အမေက

“သားရေ … ဘာစာအုပ်ကြီးတွေ ဖတ်နေတာလဲ”

“ခရစ်ယာန် သမ္မာကျမ်းတွေ အမေ”

“ဟယ် … မကြံကောင်းမစည်ရာ … ဘာလဲ ဘာသာပြောင်းမလို့လား။ အမေကြည့်နေတယ်။ သားအင်္ဂလိပ် စာအုပ်တွေ ဖတ်နေကတည်းက ဘုရားတရားနဲ့ နည်းနည်း ဝေးသွားသလိုပဲ”

“အမေ … အမေ့ကိုတော့ သားညတိုင်း ရှိခိုးအိပ်တယ်နော်”

“မဟုတ်ဘူးသား … သွား … အဲဒီ စာအုပ်တွေ မဖတ်နဲ့ … နင် ခရစ်ယာန်ဖြစ်သွားမယ်”

“အမေရယ် … ဘာမှမဆိုင်ပါဘူး။ သားက ဘာကိုမဆို လေ့လာစူးစမ်းတာပါ။ ယုံကြည်မှုဆိုတာ နှလုံးသားထဲက လာတာပါ”

“အေးနော် ခုကတည်းကပြောထားတယ်နော် အမေတို့က ဗုဒ္ဓဘာသာတွေ”

“အမေ ဆရာတော်ဘုရားကြီးတွေလည်း အင်္ဂလိပ်လို ဖတ်တာပဲဗျ။ သားဆရာ ဦးဇင်းတာတေကြီးဆိုရင် အင်္ဂလိပ်လိုပဲရေးတာ။ သားတစ်နေ့ ဦးဇင်းတာတေကြီးလို စိတ်ကူးထဲမှာပေါ်လာတာကို အင်္ဂလိပ်လို ချရေးနိုင်အောင် လုပ်ပြမယ်”

“ဒါမှ အမေ့ကောင်လေးကွ”

တင်ညွန့်

၃၀.၆.၂၀၁၈

Comments