ခေါင်းဆောင်နှင့် နောက်လိုက်(တင်ညွန့်)

ခေါင်းဆောင်နှင့် နောက်လိုက်

--------------------------------

နိုင်ငံခြားက သားသတ်ရုံရှေ့ကို ကားကြီးတစ်စင်း ဆိုက်လာတယ်။

ကားက အကြီးကြီးပဲ။ ကားပေါ်မှာ သိုးတွေပါလာတယ်။ ကားက ရထားတွဲ နှစ်တွဲစာလောက်ရှည်မယ်။ ဘေးက အလုံပိတ်။ လေပေါက်တွေတော့ပါတယ်။ အပြင်က ကြည့်လိုက်ရင် စတီးရောင်တပြောင်ပြောင်နဲ့ အလွန်သန့်ပြီး လှတဲ့ကားကြီးပါ။

အလွန်လှတဲ့ကားကြီးက သားသတ်ရုံရှေ့မှာ ရောက်နေတယ်။ ကားကြီးထဲမှာ မချိမဆံ့ အော်နေကြတာက သိုးတွေရဲ့အသံ

“ပဲ … အဲ … အဲ … ပဲ … အဲ … အဲ”

ကားကြီးက သားသတ်ရုံ တံခါးပေါက်ကို ဖင်ထိုးထည့်လိုက်တယ်။

သားသတ်ရုံအတွင်းပိုင်း မြင်ကွင်း

ကားတံခါးကို ဖွင့်လိုက်တယ်။ သိုးတွေက တစ်ကောင်နဲ့ တစ်ကောင် တိုးဝှေ့နေတယ်။ အောက်က လျှောက်လမ်းပေါ်ကို မဆင်းလာကြဘူး။ သူတို့ဟာ ငါတို့ကို သတ်တော့မယ်လို့များ သိနေသလိုပဲ။

အလုပ်ရုံကြီးထဲက ဝန်ထမ်းတွေက ကားပေါ်ကအဆင်းလမ်းနဲ့ သားသတ်ရုံကြီးထဲ လျှောက်လမ်းတွေကို ဘေးက အကာပြားတွေ ထောင်ပြီး လမ်းကြောင်း လုပ်လိုက်တယ်။

ကားကြီးပေါ်က သိုးတွေ တစ်ကောင်မှာ ဆင်းမလာဘူး။ သူတို့ အော်နေကြတယ်။ သူတို့သေမှာကို သိနေသလိုပဲ

“ပဲ … အဲ … အဲ … ပဲ … အဲ … အဲ”

အဲဒီအချိန်မှာ သားသတ်ရုံက လူကြီးတစ်ယောက်က ၁၀ ပေပတ်လည်လောက်ရှိမယ့် ခြံကြီးတစ်ခြံကို သွားဖွင့် လိုက်တယ်။ ခြံထဲမှာ သိုးတောင့်တောင့်လှလှကြီးတွေ။ သန့်ရှင်းပြီးနေတယ်။ လည်ပင်းတွေမှာလည်း လည်ဆွဲ ပြားတွေ ချိတ်ပေးထားတယ်။

ကားပေါ်က သိုးတွေကတော့ သိုးရုပ်နဲ့ မတူအောင် ညစ်ပတ်နေကြတယ်။ သူတို့ ကြောက်နေတာလား ဘာလား

“ပဲ … အဲ … အဲ … ပဲ … အဲ … အဲ”

အဲဒီအချိန်မှာ လူကြီးတစ်ယောက်က ခြံဝိုင်းထဲက သိုးငါးကောင်ကို ခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားတာလဲ ဆိုတော့ ကားဆီကို။

လေ့ကျင့်ထားတဲ့ သိုးငါးကောင်က ကားပေါ်ကိုတက်တဲ့ လျှောက်လမ်းအတိုင်း ဣန္ဒြေရရ တက်သွားကြတယ်။ သူတို့က တိုးဝှေ့နေတဲ့ သိုးအုပ်ကြီးရှေ့မှာ မားမားမတ်မတ် ရပ်လိုက်ကြတယ်။ ပြီးတော့ တစ်လှမ်းချင်း လျှောက် လမ်းကနေ ပြန်ဆင်းလာတယ်။

စောစောက ဆင်းဖို့ ငြင်းဆန်နေတဲ့ သိုးတွေ၊ တိုးဝှေ့နေတဲ့ သိုးတွေ ခုမှ ရှေ့ကနေ ဆင်းသွားတဲ့ သိုးငါးကောင် နောက်ကို တစ်လှမ်းချင်း လိုက်သွားကြတယ်။

လက်စသတ်တော့ ခေါင်းဆောင်ကို ရှာနေကြတာပါလား

ခေါင်းဆောင်ရှိမှ လျှောက်တတ်တဲ့ သိုးတွေ၊ ခေါင်းဆောင်နောက်ကိုသာ လိုက်ချင်တဲ့သိုးတွေကို သိုး ငါးကောင်က လမ်းကျဉ်းလေးတစ်ခုဆီကို ဦးဆောင်ခေါ်သွားတယ်။ လမ်းဆုံးကိုရောက်တော့ လူတစ်ယောက်က သိုးငါးကောင်ကို ဘေးလမ်းလွှဲထဲထုတ်လိုက်တယ်။ ပြီးတော့ နောက်ကလိုက်လာတဲ့ သိုးတွေကို တစ်ကောင်ချင်း လမ်းဆုံးအောင် ဆက်မောင်းတယ်။

လျှောက်လမ်းကျဉ်းထဲ ရောက်နေတဲ့ သိုးတွေ နောက်ပြန်လှည့်လို့ မရတော့ဘူး။ တစ်ကောင်ပြီး တစ်ကောင် ရှေ့ဆက်တိုးနေတယ်။ အပေါက်ဝကို ခေါင်းတိုးလာတဲ့ သိုးတိုင်းရဲ့ ခေါင်းထဲကို အလိုအလျောက် ဆေးထိုးအပ် တစ်ချောင်းက ထိုးထည့်လိုက်တယ်။

ဆေးထိုးပြီး တံခါးဖွင့်ချလိုက် တစ်ကောင် အောက်ကို လျှောခနဲ ဆင်းသွားတယ်။

တစ်ကောင်ပြီး တစ်ကောင်

တစ်ကောင်ပြီးတစ်ကောင်

အော်တောင် မအော်နိုင်ရှာပါဘူး။

အောက်ရောက်လာတဲ့ သိုးတိုင်းဟာ ခေါင်းနဲ့ကိုယ် အိုးစားကွဲဖို့ စက်တွေက အသင့်စောင့်နေတယ်။

အဲဒါ ခေတ်မီ သားသတ်စက်ရုံကြီးတစ်ရုံရဲ့ မြင်ကွင်းပဲ။

လူတွေက သိုးတွေကို တက်မောင်းရင် ရတာပဲ။ မမောင်းဘူး။

အထူးလေ့ကျင့်ထားတဲ့ သိုးငါးကောင်က ဖြစ်စဉ် ကြီး အားလုံးကို ဦးဆောင်ပြီးတော့ ခေါ်ထုတ်သွားတယ်။

ယူတတ်ရင် သင်ခန်းစာပဲ

အထူးလေ့ကျင့်ထားတဲ့ အကောင်တွေက တက်လာတော့မယ်

“ပဲ … အဲ … အဲ … ပဲ … အဲ … အဲ”

ဝအောင် အော်ထားကြလေ။

ဘာပြောပြော နောက်ဆုံးတော့လည်း သူတို့နောက်ကို လိုက်ကြမှာပဲ။

(မြင်ကွင်းတစ်ခုကို အခြေခံ၍ ခံစားကြည့်ခြင်း)

တင်ညွန့်

၂၃.၈.၂၀၁၈

Comments